Facebook
RSS

အိုင်တီသမက်ရွေးပွဲ

-
Unknown


တစ်ခါက IT လုပ်ငန်းရှင် “ကိုမောင်တင့်” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးမှာ သူအလွန် ချစ်မြတ်နိုး တန်ဖိုးထားတဲ့ သမီးလေး တစ်ယောက် ရှိတယ်။ ကိုမောင်တင့်ဟာ သူသိပ် တန်ဖိုးထားတဲ့ “မလိမ္မော်သီး” ဆိုတဲ့ သမီးလေးကို ပညာတွေ စုံလင်အောင် ပြုစု ပျိုးထောင်ပေးပြီး နောက် အရွယ် ရောက်လာတဲ့ သမီးလေး အတွက် အိမ်ထောင်ဖက် ရွေးချယ်ပေးဖို့ စဉ်းစားပါတယ်။ တစ်နေ့တော့ ကိုမောင်တင့်ဟာ လူပျို ပုရိသတွေအတွက် သတင်းတစ်ခု ထုတ်ပြန် လိုက်ပါတယ်။ သူ့သမီး မလိမ္မော်လေး အတွက် အိမ်ထောင်ဖက် ရွေးချယ်ပွဲကို သူ့ IT ခြံကြီး ထဲမှာ ကျင်းပမယ်။
ပြိုင်ပွဲတစ်ခုအသွင် ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲမှာ ပထမရတဲ့သူကို သူ့သမီးနဲ့ပေးစားမှာဖြစ်ပါတယ်။ မလိမ္မော် လေးကို တိတ်တခိုးပိုးပန်းစိတ်ဝင်စားကြတဲ့ လူပျိုကာလ သားတွေ စိတ်ဝင်စားကြတဲ့ ပြိုင်ပွဲတစ်ခုပေါ့။ ဝင်ရောက် ယှဉ်ပြိုင်ရမဲ့ လူငယ်များအတွက် ဝင်ခွင့်အရည် အချင်းကတော့ အင်တာနက်သုံးစွဲတတ်ရင် ဝင်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ပြိုင်ပွဲကျင်းပတဲ့နေ့ မှာ ကိုမောင်တင့်ဟာ တက်ရောက်လာတဲ့ ဧည့် သည်များ၊ လူပျိုကာလသားများကို အကျွေး အမွေးနဲ့ ဧည့်ခံပါတယ်။ အစားအသောက်များ စားနေချိန်မှာပဲ ပြိုင်ပွဲကို ကျင်းပပါတယ်။ ကို မောင်တင့်စီစဉ်ထားတဲ့ ပြိုင်ပွဲကတော့ ဒီလိုပါ။ ကိုမောင်တင့်ရဲ့ IT ခြံကြီးထဲမှာ IT ရေကန် ကြီးတစ်ကန် ရှိပါတယ်။ အဲဒီရေကန်ထဲမှာ “ဟတ်ကာ” မိကျောင်းတွေ၊ “ကွန်ပျူတာ ဗိုင်းရပ်စ်” ငါးမန်းတွေ အများကြီး လွှတ်ထား ပါတယ်။
ပြိုင်ပွဲဝင်မယ့် IT လူငယ်တွေဟာ အဲဒီ့ IT ရေကန်ကြီးရဲ့ ဒီဖက်ထိပ်ကနေ ဟို ဘက်ထိပ်ရောက်အောင် ရေကူးပြီးသွား ရမှာဖြစ် ပါတယ်။ မိကျောင်းတွေ၊ ငါးမန်းတွေရဲ့ရန်ကို ရှောင်ကွင်းကူးခတ်ရမှာဖြစ်ပြီး အခန့်မသင့် ရင် မိကျောင်းတွေ၊ ငါးမန်းရဲ့ အစာ ဖြစ် သွားနိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ အဲဒီလို ကူးခတ်ယှဉ်ပြိုင် ရင်း ပထမဆုံးပန်းဝင်မယ့် လူငယ်ကို မလိမ္မော်လေးနဲ့ ပေးစား လက်ထပ်မှာဖြစ်တဲ့အပြင် သူ့ကုမ္ပဏီမှာလည်း ရာထူးကြီးကြီး ပေးမှာဖြစ်လို့ IT လူငယ်တွေ အကြိတ်အနယ် ရှိနိုင်တဲ့ ပြိုင်ပွဲဖြစ် ပါတယ်။ ပြိုင်ပွဲကျင်းပနေစဉ်မှာတော့ သမီးလေး မလိမ္မော်သီးဟာ ပရိသတ်ရဲ့ အလယ်မှာ ဝံ့ကြွားစွာ ထိုင်အားပေးနေမှာပါ။ ပြိုင်ပွဲကို စိတ်ဝင်စားတဲ့ ပရိသတ်တွေ၊ မလိမ္မော်လေးကို စိတ်ဝင်စားတဲ့ လူပျို ကာလသားတွေနဲ့ ကိုမောင်တင့်ရဲ့ IT ခြံကြီးဟာ စည်ကားအသက် ဝင်နေပါတယ်။ အဲဒီလိုနဲ့ ပြိုင်ပွဲစတင်တဲ့ အချိန်ကျနေပါပြီ။ ကိုမောင် တင့်နဲ့ မလိမ္မော်တို့အပြင် ပရိသတ်များကလည်း ပြိုင်ပွဲအခြေအနေ ကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် ဘယ်လူငယ် မှ ပြိုင်ပွဲမဝင်ကြသေးပါဘူး။
ရေကန်ထဲမှာတော့ ဟက်ကာမိကျောင်း တွေ၊ ကွန်ပျူတာဗိုင်းရပ်စ်ငါးမန်းတွေက အဆင်သင့်စောင့်နေကြတယ်။ ခုန်ဆင်းလာတာနဲ့ ကိုက်မဲ့ ဝါးမဲ့ ပုံသဏ္ဌန်တွေနဲ့ပေါ့။ IT လူငယ် တွေကလည်း ကန်ထိပ်မှာရပ်ရင်း အချင်းချင်းတီးတိုးတီးတိုး ချီတုံချ တုံ၊ ပရိသတ်တွေကလည်း တိုးတက်မှင်သက်လို့ ဒီလိုနဲ့ ပြိုင်ပွဲချိန် နာရီဝက်ကျော်လာပါပြီ။ ပြိုင်ပွဲကျင်းပချိန်က ၂ နာရီ သတ်မှတ်ထား တယ်။ ကိုမောင်တင့်ကလည်း ပြိုင်ပွဲအခြေအနေ ကိုကြည့်ပြီး မျက်နှာမကောင်းတော့။ အခုအချိန် ထိ ဘယ်သူမှ ပြိုင်ပွဲမဝင်ကြသေးဘူး။ IT လူ ငယ်တွေဟာ မလိမ္မော်လေးရဲ့ ဘဝကိုရဖို့ မလိမ္မော်လေးကို ပိုင်ဆိုင်ခွင့်ရဖို့ လိုချင်တပ်မက် ကြပေမယ့် ပြိုင်ပွဲရဲ့ စွန့်စားမှုက အရမ်းကြီးမား နေတော့ IT လူငယ်တွေအနေနဲ့ စွန့်စားဖို့ တွန့် ဆုတ်နေကြတယ်။ အခန့်မသင့်ရင် သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ မိကျောင်းတွေ ငါးမန်း တွေရဲ့အစာ ဖြစ်သွားနိုင်တာကိုး။ အချစ်တစ်ဖက် အသက်ကိုရင်းရမှာ ကတစ်ဖက် ဖြစ်နေတော့ ပါဝင်ယှဉ်ပြိုင်ဖို့ တွန့်ဆုတ်နေကြတာဖြစ်မှာ ပေါ့။ ဒါပေမယ့် ပြိုင်ပွဲစီစဉ်ပေးတဲ့ ကိုမောင်တင့်ကတော့ ပြိုင်ပွဲအခြေ အနေကို စောင့်ကြည့်နေတယ်။ အဲဒီအချိန်လေးအတွင်းမှာ လူငယ်တစ်ယောက်ဟာ ဝုန်းကနဲ ရေ ကန်ထဲ ခုန်ဆင်းသွားပါတယ်။ ဟတ်ကာမိကျောင်းတွေ ဗိုင်းစ်ရပ်ငါး မန်းတွေကလည်း လူငယ်ကို ကိုက်ခဲစားသောက်ဖို့ သူ့နားကို ဝိုင်းရံ လာကြတာ တွေ့ရတယ်။
ကန်ထဲမှာ လူငယ်ဟာမိကျောင်းတွေ ငါးမန်းတွေရဲ့ရန်ကို ကွင်းရှောင်ကူးခတ်နေရတယ်။ တဖြည်း ဖြည်းနဲ့တော့ ကန်လယ်ကိုကျော်လာပြီ။ ပရိသတ်တွေကတော့ ပြိုင်ဘက်မရှိတဲ့ လူငယ်တစ်ယောက်တည်း ပြိုင်နေရတဲ့ ပြိုင်ပွဲကို ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ လူငယ် ဟာ အစွမ်းကုန်ကူးခတ်နေတယ်။ ငါးမန်းမိကျောင်းတွေ ကို ကာကွယ်နိုင်ဖို့အတွက်လည်း မာယာများစွာသုံးပြီး ကူးခတ်နေရတယ်။ လူငယ်ဟာ တဖြည်းဖြည်းနဲ့ ပန်းဝင် ဖို့ နီးကပ်လာတယ်။ ရွှေပွဲလာပရိသတ်တွေရဲ့ လူ ငယ်ကို အားပေးသံတွေ၊ လက်ခုပ်သံတွေနဲ့ ကို မောင်တင့်ရဲ့ ခြံကြီးဟာ ဆူညံနေတယ်။ ဒီလိုနဲ့ လူငယ်ရဲ့ ဇွဲနပဲကြီးမှု၊ ပါးနပ်စွာရေကူးတတ်မှု တွေကြောင့် တစ်ဖက်ကန်ထိပ်ကိုရောက်ကာ ပန်းဝင်သွားခဲ့ပါတယ်။ လက်ခုပ်သံတွေ တဖြောင်း ဖြောင်းနဲ့ပေါ့။ လူငယ်ဟာ ကန်ဘောင်ပေါ် ရောက် ရောက်ချင်းမှာပဲ ကိုမောင်တင့်ရဲ့ ဝန်ထမ်းတွေက မျက်နှာသုတ်ပုဝါ သုတ်ပေးတဲ့သူနဲ့၊ အားပေးစကား ပြောတဲ့သူနဲ့ အင်တာဗျူးမေးဖို့ စောင့်စားနေသူတွေက လည်း လူငယ်အမောပြေအောင် စောင့်နေကြတယ်။ လူ ငယ်အမောပြေ လောက်ပြီ ဆိုတော့မှ IT ဂျာနယ်လစ်တစ် ယောက်က မေးခွန်းကို အလုအယက်မေး ပါတယ်။ “အစ်ကို့ရဲ့ မလိမ္မော်လေးအပေါ် ချစ်ခြင်းတရားကတော့ တကယ့်ကို အံ့ မခန်းပါပဲ။
ဒီလောက် မိကျောင်းတွေ၊ ငါးမန်းတွေရဲ့ အန္တရာယ်တွေကို မမူ နိုင်ပဲ သက်စွန့်စံဖျား ပြိုင်ပွဲဝင်ခဲ့တာ အစ်ကို့ရဲ့ မလိမ္မော်လေးအပေါ် ဘယ် လောက်တန်ဖိုးထား မြတ်နိုးတယ်ဆိုတာ ပေါ်လွင်လွန်းလှပါတယ်။ အခြား IT လူငယ်တွေ မပါဝင် နိုင်ဘူးဆိုပေမယ့် မိကျောင်းတွေ ငါးမန်းတွေဟာ အစ်ကို့ ပြိုင်ဘက်တွေပါပဲ။ ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်လေ့ကျင့်ခဲ့ပါသလဲ”---။ အင်တာဗျူး သမားလေးကတော့ မေးခွန်းနဲ့ စတင် ဖောက်ခွဲလိုက်ပါပြီ။ ပရိ သတ်ကလည်း လူငယ်ရဲ့အဖြေစကား၊ တုံ့ပြန်သံကို စောင့်စားနေကြ တယ်။ ဒီအချိန်မှာ လူငယ်ဟာ စကားကို ဖြည်းဖြည်းချင်းပြောပါတယ်။ IT လူငယ်ရဲ့ အဖြေက ဒီလိုပါ။ “ခဏလေး နေပါဦးဗျာ - - - ခင်ဗျားမေးခွန်းကို မဖြေအား သေးပါဘူး။ နောက်မှဖြေပါ့မယ်။ အခုလောလောဆယ် ကျွန်တော့်ကို ရေကန်ထဲတွန်းချတဲ့ သကောင့်သားကိုရှာပြီး အရင်စာရင်းရှင်းရဦးမယ်။ ခွေးမသား ကြောင့် မိကျောင်းစာဖြစ်တော့မလို့ ကံကောင်းလို့ မသေ တာ - - - - ” တဲ့ - - - - - - ။

Leave a Reply

Find me on facebook - 95Blogger